Summer Diarrhea လို့ခေါ်တဲ့ နွေရာသီဝမ်းပျက်ဝမ်းလျှောရောဂါ
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရာသီမရွေး ဖြစ်နိုင်ပေမယ့် နွေရာသီနဲ့ မိုးရာသီမှာ ပိုပြီး အဖြစ်များပါတယ်။ နွေရာသီမှာ ဝမ်းပျက်ဝမ်းလျှောတာဟာ ရောဂါတစ်ခုအပြင် ရောဂါလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေတွေ စားသုံးမိတဲ့အခါ ဘက်တီးရီးယားပိုးတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်သလို ရာသီဥတု ပူပြင်းတဲ့အခါ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုဖြစ်တဲ့ အခြေအနေဖြစ်လာပြီး အူလမ်းကြောင်းရောင်ရမ်းလာကာ အူလှုပ်ရှားမှုမူမမှန်တဲ့ရောဂါ (IBS) ရှိသူတွေမှာ ဝမ်းလျှောဝမ်းပျက်တာက ရောဂါလက္ခဏာတစ်ခု အနေနဲ့ ဖြစ်လာနိုင်ပါတယ်။
ရာသီဥတု ပူပြင်းတဲ့အခါ ရေများများမသောက်ရင် ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်လာတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အစာခြေစနစ်လည်း အားနည်းလာပြီးလေပွလေကယ်၊ အစာမကြေ၊ ဝမ်းချုပ်၊ ဝမ်းလျှော စတဲ့ ပြဿနာတွေ အဖြစ်များလာသလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို ရောက်လာတဲ့ ဘက်တီးရီးယားပိုးတွေကို မတိုက်ထုတ်နိုင်တော့တဲ့အတွက် အူရောင်ရမ်းပြီး ဝမ်းလျှောတာမျိုး ဖြစ်လာနိုင်ပါတယ်။
နွေရာသီ ဝမ်းပျက်ဝမ်းလျှောရောဂါမှာ…
- အရည်ကျဲကျဲဝမ်းတွေ မကြာခဏသွားတာ
- အန်တာ
- ဗိုက်အောင့်တာ
- ကြွက်တက်တာ
- အားကုန်ခမ်းတာ
- ဖျားတာ စတဲ့ လက္ခဏာတွေ တွဲပြီး တွေ့ရနိုင်ပါတယ်။
ဘာ့ကြောင့်ပဲ ဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ရေဓာတ်ခမ်းခြောက်တာကနေ ခန္ဓာကိုယ်တွင်းက Electrolytes လို့ခေါ်တဲ့ ဓာတ်တွေ မညီမမျှ ဖြစ်လာတာ၊ ကျောက်ကပ်ပျက်စီးတာနဲ့ အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်တာမို့ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးအရာပါ။
- ဆရာဝန်နဲ့ ပြသပြီး ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုရင် သင့်တော်တဲ့ ပိုးသတ်ဆေး သောက်တာဖြစ်ဖြစ်၊ ထိုးတာဖြစ်ဖြစ် လိုအပ်နိုင်ပါတယ်။
- ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ အစာမကြေလွယ်တဲ့ အစာမာတွေ မစားဘဲ ပူပူနွေးနွေး ပျော့ပျော့ပြောင်းပြောင်း အစာကြေလွယ်တာတွေ စားပါ။
- အရိုးပြုတ်ရည်နဲ့ စွပ်ပြုတ်ပူပူနွေးနွေး သောက်ပါ။
- ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဖရဲသီးတွေ စားပေးပါ။ အုန်းရည်သောက်ပါ။
ကိုယ်ခံအားကောင်းရင် နောက်ဆက်တွဲဆိုးကျိုး မရှိဘဲ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။
နွေရာသီ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်ဖို့…
- ရေများများ သောက်ပါ။
- သန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေကိုသာ သုံးစွဲပါ။
- လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။
- အာဟာရဖြစ်အောင် စားသောက်ပါ။ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေနဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ငရုတ်ပွ စတာတွေ များများစားပေးပါ။ ပူစီနံရွက်ကလည်း အစာကြေစေလို့ စားသင့်ပါတယ်။
- နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အူလမ်းကြောင်းကို လှုံ့ဆော်မယ့် ဆေးရွက်ကြီးနဲ့ ကဖင်းပါတာတွေကို ရှောင်ပါ။
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။ မဖြစ်အောင် ကာကွယ်လို့ ရတဲ့ရောဂါမို့ အထက်မှာ ပြောခဲ့တဲ့အချက်တွေကို ဂရုစိုက်လိုက်နာပြီး ကာကွယ်ကြရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်